သစ်ပင်မှာ အမြစ်၊ လူမှာ အချစ်

in HIVE-MYANMAR9 days ago

အပင် တပင်ဖြစ်ဖို့ နှစ်များစွာပြုစုရသည်။
ထို ကြာရှည်စွာ စိုက်ပျိုးခဲ့သောအပင်ကို နာရီပိုင်း
မျှသောအချိန်အတွင်းမှာ ခုတ်လှဲပစ်သည်။
အတော်ကို နှမြောစရာကောင်းလှသည်။
နှမြောစရာ ကောင်းပေသိ ယခုလို ရာသီမှာ
လေပြင်းများ တိုက်ပါကလည်း အန္တရာယ်ဖြစ်
နိုင်သည်။ ထိုကြောင့် အပင်ကြီးများက အကောင်း၊
အဆိုး နှစ်မျိုးတော့ ခံစားကြရသည်။
အပင်ကြီးမျိုးများတွင် ပါသော ကုက္ကိုလ်၊ တမာ၊
ပိတောက်နှင့် သရက်ပင်များက ကျွန်တော့်
ပတ်ဝန်းကျင်မှာ ပေါက်ရောက်သော အပင်များ
ဖြစ်သည်။

ထိုအပင်များမှ တမာ၊ ပိတောက်နှင့် သရက်ပင်
များက အသုံးပြု၍ရသောအပင်များဖြစ်သည်။
တမာရွက်နုများက နွေမှာ ဆိုပါမူ ခူး၍ ရေနွေးဖျော
ကာ ခရမ်းချဉ်သီးငပိချက်ဖြင့် တို့စားမလား။
ငံပြာရည်ချက်ဖြင့် တို့စားမလား ထမင်းမြိန်
လှသည်။ ပိတောက်ပင်တို့က နွေမှာဆို ဝါဝါထိန်ကာ
မွှေးမြ သင်းပျံ့ပြီး မြင်သူကို လာခြူပါဟု ခေါ်ယူ
ကြသည်။ သရက်ပင်တို့ကတော့ ဘာပြောကောင်း
မလဲလေ။

အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်၊ အသီးမှာ
သရက်ဆိုတဲ့အတိုင်း စိန်တလုံး သရက်သီးတို့က
ကဆုန်လရောက်ပါလျှင် အပင်ပေါ်မှ ခူးဆွတ်
ပါရန် ဖိတ်ခေါ်နေကြသည်။ ယခု ခုတ်လှဲသော
အပင်များက စိန်တလုံးသရက်ပင်များဖြစ်သည်။
ကဆုန် နယုန် လေပြင်းကျပါမူ စိန်တလုံးပင်အောက်
သို့ အပြေးအလွှား သရက်သီးကြွေများကို လုကောက်
ရသည်က အမော။ ထိုသို့ လုကောက်ရသော
စိန်တလုံးပင်များကို ယနေ့မှာ ခုတ်လှဲလိုက်သည်။

ထို ခုတ်လှဲသော စိန်တလုံးပင်များက ကျွန်တော်တို့
ခြံနှင့် မျက်နှာချင်းဆိုင် ခြံမှ အပင်များဖြစ်သည်။
ခြံပိုင်ရှင်က သူ့သရက်ပင်များသည် အပေါ်သို့
ရှည်ထွက်ကာ သူ့တိုက်ကို ကျော်လွှာပြီး မြင့်နေ၍
ခုတ်ခြင်းဖြစ်သည်။ လေပြင်းတိုက်ပါက သရက်ပင်စည်
လဲကာ သူ့တိုက်ပေါ်ကျမှာ စိုးရိမ်သောကြောင့်
ခုတ်လှဲခြင်းဖြစ်သည်။ သရက်ပင်ကို အပင်တဝက်မှ
ခုတ်ခြင်းဖြစ်သည်။ နောက်နှစ် နွေရာသီမှာတော့
သရက်သီး သီးနိုင်သေးမည်မဟုတ်ပေ။

ကိုယ့်ခြံမှ စိန်တလုံးသရက်ပင်က တမြန်မနှစ်က
အမြစ်ကို ခြ စားကိုက်၍ သေသွားသည်။ မျက်နှာချင်းဆိုင်ခြံ
သရက်ပင်မှ ကြွေကျသော
သရက်သီးများကို ကောက်စားခဲ့ရသည်မှာ
ကိုယ့်အပင်ထက်ပင် ပိုမို ဝဝလင်လင်စားခဲ့ရသည်။
ယခုတော့ ထိုသရက်ပင် ခုတ်လှဲသဖြင့် နှမြော
ရသည်။ သင်္ခါကို အစဉ်ထာဝရမှတ်တာကို။
သရက်သီး မစားရပေသိ ထင်းတော့ စိုက်ရပြန်တာပ။
အပင်တို့က အသီးမစားရသော်ငြား ထင်းအဖြစ်
အသုံးပြုရပြန်ပေသည်။

သရက်ပင်ကို ခုတ်ရာတွင် ခုတ်သူများကို ငှားရသည်။
ပထမ ခုတ်သူများက ဓားဖြင့်ခုတ်သည်။ ထိုကြောင့်
ပင်စည်ကြီးကို မခုတ်နိုင်ပေ။ အပင်ရှင်ကလည်း
သူ့အပင်ကို နှမြောသဖြင့် အကုန်မခုတ်ပဲ ချန်ထား
ခြင်းဖြစ်မည်။ သို့ပေသိ သရက်ပင်ကို ကိုင်ဖျားများ
သာ ခုတ်သဖြင့် ပင်စည်ကြီးများ ထိုးထိုးထောင်နေသည်။
ကိုင်းဖျားခုတ်သူများကို ငွေကျပ်
လေးသောင်း ပေး၍ ခုတ်ခိုင်းရသည်။

ကိုင်းဖျားများ ခုတ်ပြီး ကျန်ရှိနေသော ပင်စည်ကြီး
များက ကြည့်ရတာ အဆင်မပြေသဖြင့် ထပ်မံခုတ်သူ
ကို ငှားရပြန်သည်။ ယခုအခါ ပင်စည်ခုတ်သူများက
သစ်ပင်ခုတ်သော လွှစက်များပါလာသည်။ သူရို့က
လွှစက်ဖြင့် တဝှီးဝှီးခုတ်ချနေသည်ကို မြင်ရတော့
လည်း သရက်ပင်ကြီးကို တဖန် နှမြောရပြန်သည်။
သစ်ပင်ခုတ်သည်မှာလည်း သူ့ပညာနှင့် သူပင်။
အပင်၏ ပင်စည်ကို တပိုင်းချင်း၊ တဖြတ်ချင်း
ခုတ်ကာ အောက်သို့ ကြိုးဖြင့်ချည်ကာ တဖြည်းဖြည်းချင်း
ချရသည်။ ကျွမ်းကျင်မှု မရှိပါက ထိခိုက်နိုင်ပေသည်။

ယခု ပင်စည်ကိုခုတ်သူများက အခကြေးငွေမပေး
ရပေ။ ခုတ်လှဲသော သရက်ပင်စည်များကိုသာ
ယူသည်။ သူရို့က ထိုသရက်သားများကို ထပ်မံ
ဖြတ်တောက်ခွဲစိတ်ခုတ်ထစ်ပြီး ထင်းအဖြစ်
ရောင်းစားခြင်းဖြစ်သည်။ သစ်ပင်များက လူတို့အတွက်
အသုံးပြုရန် မျိုးစုံပေးစွမ်းနိုင်ကြသည်။
ထိုကြောင့် ခရီးသွားသည့်အခါ သစ်တောများကို
ဖြတ်သန်းသွားရပါက သစ်ပင်ကြီးများမှာ
ရေးသားထားသော စာသားများကိုဖတ်ခဲ့ရသည်မှာ
ယခုအခါ ပို၍အင်မတန်မှ အဓိပ္ပါယ်ရှိ‌သွားပေ
တော့သည်။

@htwegyi
August 1, 2025

Sort:  

သစ်တော သစ်ပင်က သဘာဝက ပေးတဲ့ လက်ဆောင်ပဲ။ ခြံဝိုင်းထဲ အပင်ကြီးတွေ ရှိရင် ကောင်းပေမယ့်လည်း တခါတလေ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်မှုတွေ ရှိလာနိုင်လို့ မခုတ်ချင်ပေမယ့်လည်း ခုတ်ရတာမျိုးလည်း ရှိသေးတာပါပဲလေ။

ဟုတ်တယ် ကောင်းတာရော ဆိုးတာရော နှစ်မျိုး
ဆိုသလို။