တုန်တုန် ဝုန်းဝုန်း ကော်ဖီ။

in HIVE-MYANMAR2 days ago (edited)

တုန်တုန်နေတာပဲ တုန်တုန်သွားတာပဲ
ဆိုသလို။ Hive မှာ စာရေးဖို့ ပိုစ့်တင်ဖို့
အရေး မေ့နေသည်။ သတိရပြန်တော့
ဟိုဟာ လုပ်မလို ဒီဟာ လုပ်မလိုနဲ့ စာရေးဖို့
ကို မရေးဖြစ်နေသည်။ ကော်ဖီလေးသောက်ရင်း
စာရေးမည်ဟု စိတ်ကူးသည်။ ကော်ဖီထုပ်လေး
ယူပြီး ခွက်ကလေးကိုင်နေစဉ် ဝုန်း ဒုန်း ‌ဒုန်း
ဟူသောအော်သံကြီးက ကောင်းကင်ယံမှနေပြီး
ရင်ဘတ်ထဲထိရောက်လာသည်။ မိုးမရွာ လေ
မတိုက်ပါပဲ ဗြုန်းကနဲ့ လျှပ်ရောင်လက်ကာ
မိုးကြိုးပစ်သံကြီး ဟိန်းထသွားသည်။

ဘေးဖက်ခြံ မူကြိုကျောင်းမှ ကလေးများ၏
အော်ဟစ်သံများကိုလည်း ကြားရသည်။
ဆရာမများက ကလေးများကို ထိတ်လန့်မှု
မဖြစ်စေရန် မိုးခြိမ်းသံဟု ပြောပြနေသည်။
ကလေးများအနက် အချို့ကလေးများက
ကြောက်လန့်၍ ငိုသည့်ကလေးက ငိုနေသည်။
အော်ဟစ်သည့်ကလေးက အော်နေသည်။
အချို့ကလေးများက စကားတတ်၍ မိုးခြိမ်းတာ
လား၊ မိုးကြိုးပစ်တာလား စသဖြင့် ဆရာမများ၏
ပြောစကားကိုကြားကာ အချင်းချင်း ပြောနေသည်။

အိမ်ရှေ့လမ်းမပေါ်မှ ဈေးသည်၏ အော်သံကိုကြားရသည်။
ကြာဇံကြော်၊ ခေါက်‌ဆွဲ‌ကြော်၊ ငါးရေခွံကြော်၊
ကြက်ဥပေါင်းကြော်ဟု အော်သံကိုကြားရသည်။
အမေနှင့်အငယ်မက ခေါက်ဆွဲကြော်ဝယ်စား
မည်ဟုပြောသည်။ နေ့လယ်ခင်း အဆာပြေ စားရန်
ဈေးသည်ကို ခေါ်၍ ဝယ်စားကြသည်။ အငယ်မ
တို့သားအမိ ဝယ်စား‌တော့ အမကလည်း ဝယ်စား
ပြန်သည်။ ခေါက်ဆွဲကြော်နှင့် ကြက်ဥပေါင်းကြော်
ဝယ်စားသည်။

ကြာဇံကြော်ကို အငယ်မက ဝယ်စားသည်။
သူမက ခေါက်ဆွဲမကြိုက်ဟု ပြောသည်။
ကြာဇံကြော်၊ ခေါက်‌ဆွဲ‌ကြော် ဆိုသည်က
ဆိုင်ကြီးများမှာ ရောင်းသည့် ‌အကြော်မျိုး
မဟုတ်ပေ။ စက်ဘီးဖြင့်လည်ရောင်းသော
ဈေးသည်လေးထံမှ ဝယ်စားခြင်းဖြစ်သည်။
ကြာဇံ၊ ခေါက်ဆွဲကို ဆီအနည်ငယ်နှင့် ဒယ်ပူ
လှိမ့်ထားသည်။ မန်းကျီမှည့်အချဉ်ရေရွှဲရွှဲဆမ်းပြီး
ငရုပ်သီးမှုန့်ထဲ့၍စားရသည်။ ဗိုက်ဆာသည့်အခါ
စားရသဖြင့် စား၍ကောင်းလှသည်။

ကြာဇံကြော်၊ ခေါက်‌ဆွဲ‌ကြော် တို့ကို စားပြီး
သကာလ။ Premier Arabica Fresh Coffee
ရွာငံ BLEND အသင့်ဖျော်နှပ်ကော်ဖီလေး
သောက်လိုက်သောအခါ။ ယနေ့အတွက်
Hive မှာ စာရေးပိုစ့်တင်ဖို့ ပြီးပြည့်စုံသွားသည်။
ကော်ဖီထုပ်မှာ ရေးထားတဲ့အတိုင်း ရေးလိုက်ထာ။
သူရေးထားတာကတော့ အဟုတ်ကော်ဖီပဲ။
(၁၀၀% အာရေးဗီးယားကော်ဖီစစ်စစ်) ပါတဲ့။
(ပရီမီရာ က ကြော်ငြာခ ရတဲ့အတိုင်း တကတည်း။)
မည်သို့ဆိုစေ ယနေ့အဖို့မှာတော့ ဝမ်းဗိုက်
တင်းတင်းဖြင့် ဟိုက်မှာ ပိုစ့်တင်ရသည်။
ဟိုက်မိတ်ဆွေများ အားလုံးလည်း လိုအင်
ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆန္ဒပြု
လိုက်ရပါသည်။ ပိုစ့်တင်သည့် ယခုအချိန်မှာ
အိမ်အပြင်၌ နေရောင်ရှိပြီး မိုးများရွာသွန်းနေပါသည်။

@htwegyi
June 10, 2025

Sort:  

ဒုံး ဒုံး ဝုန်းဝုန်းဆိုလို့ စိတ်ပူသွားတာ။ တော်သေးတာပေါ့။

😁😀😄