မနက်စောစော အိမ်အရှေ့ဖက် တရုတ်ခြံမှ
နိုးစက်ပေးထားသံများ ကျယ်လောင်စွာကြားရသည်။
အရပ်မျက်နှာနှင့် ဆိုပါမူ ကျွန်တော်တို့ ခြံအနောက်မှ
တရုတ်ခြံဟု ပြောရမည်။ သို့ပေသိ ကျွန်တော့်တို့
ခြံက အနောက်ဘက်နှင့် တောင်ဘက် ကို
မျက်နှာမူရသည်။ တရုတ်ခြံက အရှေ့ဘက်သို့
မျက်နှာမူသည်။ ဒီတော့ အိမ် အရှေ့ဖက်ဟု
ခေါ်ရမလား၊ ခြံအနောက်ဖက်ဟု ခေါ်ရမလား
မပြောတတ်ပေ။
ထိုတရုတ်ခြံက အဆောင်သဘော သူ့ရို့တရုတ်
လူမျိုး လူငယ်လေးများကို ခေါ်ထားသည်။
တစ်ယောက်ကို တနှစ်စာ သိန်းတစ်ထောင်ဟု
သိရသည်။ ထိုလူငယ်များကို ကျောင်းကြိုပို့
ဖယ်ရီဖြင့် ပို့ရသည်။ အစားအသောက်ကျွေးရသည်။
ချမ်းသာသူများအတွက် ငွေကို ငွေဖြင့် ရင်းနှီး
ကာ ငွေကို တိုးပွားအောင်ပြုလုပ်နိုင်သည်။
အများအားဖြင့် ကျွန်တော်သိရှိသော တရုတ်လူမျိုးများက
အလုပ်ကို ကြိုးစားလုပ်ပြီး စီးပွားရှာသူများဖြစ်သည်။
ငွေရမည်ဆို မည်သည့်အလုပ်မျှ လုပ်ဖို့ရန်
ဝန်မလေးကြပေ။ သူရို့ ချမ်းသာတာလည်း
မပြောပါနဲ့လေ။
မနက်မိုးလင်း တရုတ်ခြံဘဲလ်သံကြောင့် ကျွန်တော်
နိုးလာသည်။ တရုတ်ခြံက မနက်ငါးနာရီခွဲသည်နှင့်
ဘဲလ်သံပေးနှိုးကာ ကျောင်းသား/သူများကို
တရုတ်ကျောင်းသို့ ပို့သည်။ မနက်အိပ်ရာထ၍
မျက်နှာသစ်ပြီး အမေ့အိပ်ရာကိုကြည့်မိသည်။
အမေ့က အိပ်နေတုန်းပင်။ အမေသည် ညနေမိုး
ချုပ်နှင့် မနက်ခင်းမိုးလင်းမှာ အိပ်သည်။ ညလယ်
အချိန်များမှာ အိပ်ရာနိုးနေတတ်သည်။
ကျွန်တော်မျက်နှာသစ်ပြီး ဘုရားသောက်တော်ရေ
ကပ်သည်။ မနက်ခင်း ကိစ္စများ ကျွန်တော်
ပြုလုပ်ပြီးသည့်အခါ အမေ အိပ်ရာနိုးလာသည်။
မနက်စာ အမေ ဘာစားမလဲဟု မေးသောအခါ
တိုးဟူးကြော်စားမည်ဟုပြောသည်။ အမေက
ဘူးသီးကြော်ကို ကြိုက်သည်။ ယခုအခါ ဘူးသီးက
ဈေးများ၍ အကြော်ဆိုင်က မကြော်ပေ။
ထိုကြောင့် ဘူးသီးကြော်အစား တိုးဟူးကြော်ကို
ပြောင်းစားသည်။ တိုးဟူးကြော် ကြွတ်ကြွတ်လေး
လည်း အမေက ကြိုက်သည်။
အကြော်က ဈေးဘက်မှာရှိ၍ ဈေးသွားရင်း
အကြော်ဝယ်ရသည်။ ယနေ့ တနင်္လာနေ့ဖြစ်သည်။
တနင်္လာနေ့ ဆိုတော့ ဈေးမှာ ကြွတ်ကြွတ်အိတ်
မသုံးရပေ။ ယနေ့ အကြော်ဝယ်သည်မှာ အနည်းငယ်
နေမြင့်သွားသည်။ အကြော်ဆိုင်မှာ လူအုံးနေသည်။
ထိုအကြော်ဆိုင်က တစ်ခု တစ်ရာကျပ်ဖြစ်သည်။
အခြား ကြော်ဆိုင်များက တထောင်ဖိုး ရှစ်ခုဖြစ်သည်။
အကြော်ဆိုင်မှာ ကြွတ်ကြွတ်အိတ် ပြဿနာတက်
နေသည်။ ယခင်က အကြော်ကို ကြွတ်ကြွတ်အိတ်
ဖြင့်ထည့်သည်။ ယနေ့ တနင်္လာနေ့ဆိုတော့
ကြွတ်ကြွတ်အိတ် မသုံးရသဖြင့်။ ဗလာစာအုပ်
တအုပ်ချ၍ အလယ်မှဖြုတ်ပြီး ကန်တော့ပုံစံ
ပြုလုပ်ကာ အကြော်များကိုထည့်ပေးသည်။
ကျွန်တော်က ခြင်းတောင်းပါ၍ ထိုအကြော်
ကန်တော့စက္ကူကို သယ်ရတာပြဿနာမရှိပေ။
ဆိုင်ကယ်နှင့် လာဝယ်သူ ထည့်စရာ မပါသူများအဖို့
ပြဿနာဖြစ်သည်။
အကြော်ဝယ်ယူပြီး ဈေးအတွင်း သို့ဝင်ခဲ့သည်။
အမေက မျှစ်နှင့် စားတော်ပဲကြော်စားချင်သည်ဟု
ပြောထားသဖြင့် မျှစ်ဝယ်သည်။ မျှစ်ရောင်းသူ
ကလည်း အင်းဖက်ဖြင့် မျှစ်ကို ထုပ်ပေးသည်။
မျှစ်ဝယ်ပြီးသကာလ စားတော်ပဲပြုတ်သွားဝယ်
ရပြန်သည်။ ပဲရောင်းသူကလည်း ပဲပြုတ်များကို
သတင်းစာစက္ကူပေါ်ထည့်ပေးပြီး ကြက်ပေါင်းကွင်း
ဖြင့် စည်းနှောင်းပေးလိုက်သည်။ ငါးရောင်းသူထံ
ရောက်ပြန်တော့ ငါးကိုခုတ်ထစ်ပြီး။ သူမက
ဘေးဘီ ဝဲယာ တချက်ကြည့်ကာ ကြွတ်ကြွတ်အိတ်
အတွင်း အမြန်ထည့်ကာ ပေးသည်။ ကျွန်တော်
လည်း သူမပေးလာသော ကြွတ်ကြွတ်အိတ် ကို
လျှင်မြန်သော အဟုန်ဖြင့် ခြင်းတောင်းအတွင်း
စွက်ကနဲ့ ထည့်လိုက်ရသည်။ ယနေ့ တနင်္လာနေ့
အဖို့ ဈေးဝယ်ခြင်း စွန့်စားခန်းများပြီးစီးကာ
အိမ်ပြန် ဘီးလိမ့်ခဲ့ပါတော့သည်။
@htwegyi
August 25, 2025