အိမ်မှာ တူမ စာပြနေသော ကလေးနှစ်ဦးရှိသည်။
တဦးက သုံးတန်းကျောင်းသား ယောင်္ကျားလေးဖြစ်သည်။
ကျန်တဦးက ပထမတန်းကျောင်းသူ
မိန်းကလေးဖြစ်သည်။ သူရို့နှစ်ဦး၏ စရိုက် လက္ခဏာ
များက အခြားကလေးများထက် အနည်းငယ်ပိုသည်။
ဘာဖြစ်လို့လဲဟု ကျွန်တော်စဉ်းစားမိသည်။
ထူးခြားပေမပေါ့ ထိုကလေးနှစ်ဦး၏ ပေါင်းသင်း ဆက်ဆံမှုနှင့်
နေထိုင်မှုပုံစံပတ်ဝန်းကျင်ကြောင့်ဟုထင်မိသည်။
ကလေးဆိုသည်က ကလေးအချင်းချင်းသာ
ပေါင်းသင်းပါရင် ပြဿာနမရှိပေ။ ကလေးက
ကိုယ့်ထက် အသက်အရွယ်ကြသူများနဲ့ အတူနေထိုင်
ပေါင်းသင်းရပါမူ ထိုလူများ၏ စရိုက်၊ အမူအရာများကို
လိုက်ပါအတုယူမိပေသည်။ လူကြီးများက အမှုမဲ့
နေပေသိ ကလေးများက မှတ်သားယူနေတတ်သည်။

ပထမဦးစွာ ယောင်္ကျားလေးဖြစ်သူ၏ မိဘများက
အမေက ထမင်းရောင်းသည်။ အဖေက ကားဘော်ဒီ
ပြုပြင်သည်။ ဒီတော့ သူရို့အိမ်မှာ ယောင်္ကျားလေး
များက အရွယ်စုံ ဆိုက်စုံရှိသည်။ အရက်သောက်သူ၊
ဘောလုံးလောင်းကစားသူနှင့် အခြားသော
အကြောင်းအရာများလည်းရှိပေမည်။ ဆိုတော့
ကောင်လေးက သူအိမ်မှာရှိသော အမျိုးသားထု၏
ပြောပုံ၊ ဆိုပုံ၊ ပြောဟန်၊ ဆိုဟန်များကို အတုယူကာ
ကျွန်တော်တို့အိမ်မှာ ပြောဆိုတတ်သည်။
ဥပမာ နိုင်ငံခြားဘောလုံးအသင်းများနှင့်
ဘောလုံးသမားများအကြောင်းကို ပြောသည်။
တခါတရံ အရက်သမားများ ပြောပုံဆိုပုံများအတိုင်း
ပြောပြန်သည်။ တခါက စာရေးနေရင်း
အောင်ပြီ အောင်ပြီ ဟု ထပြီး ရွတ်ဆိုနေသည်။
ထိုအခါ ကျွန်တော့်တူမ သူ့ဆရာမက

"ဟဲ့ လန့်ထာ ဘာတွေ ပြောနေတာလဲ။
စာရေးနေရင်း အလန့်တကြား နင်နဲ့တော့
ခက်တော့တာပဲ။ ဘာတွေ အောင်ပြီ လို့
အော်နေတာလဲ"
" အဟီး တီချယ်ကလည်း မေမေတို့က ဘုရားသွားပြီး
ရင် အဲ့သလို အောင်ပြီလို့ အော်ဆိုတတ်တယ်လေ။
ဒါကြောင့် သားလည်း စာရေးတာပြီလို့ အောင်ပြီ
လို့ အော်မိတာ"
"အမယ်လေး နင် အောင်ပြီ အော်တာလည်း
အသာလုပ်ပါအေ တိုးတိုးအော်လည်း ရသား
နဲ့"
"တီချယ် မသိပါဘူး အဲ့သလို အားရ ပါးရ အော်မှ
အောင်ပြီဆိုတာက ပိုပြီ မိုက်တယ်တဲ့"

"အမယ် တော်လိုက်တော့ဟေ့ နင့်အောင်ပြီ
ဆိုတာကြီး"
ဘေးမှာရှိသော ပထမတန်း မိန်ကလေးက
တခစ်ခစ်ဖြင့် ရယ်နေသည်။ ယောင်္ကျားလေး
အလှည့်ပြီးတော့ မိန်းကလေးဖက်သို့ တူမက
လှည့်ပြန်သည်။
"တခစ်ခစ်နဲ့ ရယ်နေပါ ဆရာမကြီး။ စာရေးခိုင်းတာ
ပြီပလား"
"အဟီး တီချယ်ကလည်း ရေးနေပါတယ်။
ပြီးတော့မှာပါ။ အကိုကြီးက ရယ်စရာတွေပြောလို့
ရီနေမိတာ"
မိန်းကလေး သည်လည်း သူ့ထက်ကြီးသူ
အမျိုးသမီးများနှင့် နေထိုင်ပြောဆိုရသည်။
သူရို့က စက်ရုံဝင်းအတွင်းမှာ နေထိုင်သည်။
ထိုစက်ရုံမှာ သူမအမေက မန်နေဂျာဖြစ်သည်။
ဒီတော့ မိန်းမပျိုများနှင့် နေ့စဉ်ပြောဆို
နေထိုင်ရသဖြင့် သူရို့၏ အမူအကျင့်လေးများကို
အတုယူတတ်ပေသည်။

"ကဲ နှစ်ယောက်စလုံး စာမေးပွဲမှာ အေ တွေ အကုန်
ရရင် စပိုက်ဆီခေါက်ဆွဲလုပ်ကျွေးမယ်"
"ဟေး တီချယ် တကယ်နော် စိန်လိုက်"
နှစ်ယောက်သား ပြိုင်တူအော်ကာ ပြောကြသည်။
သူရို့နှစ်ဦးစလုံး စာမေးပွဲဖြေဆိုမှုမှတ်တမ်း
ကတ်ပြားများရတော့ အေ ရကြသည်။ တူမက
သူရို့ကို ခေါက်ဆွဲလုပ်ကျွေးသည်။ ယောင်္ကျားလေးက
ခေါက်ဆွဲကို အစပ်စားနိုင်သည်။ မိန်းကလေးက
မစားနိုင်ပေ။ ထိုနေ့က အိမ်မှာ မုန့်ဟင်းခါးချက်စားသည်။
ကျောင်းသားနှစ်ဦးစလုံးသည် ခေါက်ဆွဲစားပြီးသည့်အပြင်
မုန့်ဟင်းခါးပါ အနည်းငယ်ဆီ စားကြပါသေးသည်။
@htwegyi
January 24, 2026