မိုးနှစ်ညဆက်တိုက်ရွာတော့ အပူသက်သာ
သွားသည်။ မိုးရွာသည့်နေ့က မိုးရွာမည်ဟု
လူမှုကွန်ယက်မှာ ဖတ်လိုက်ရသည်။ သို့ပေသိ
တနေ့ခင်းလုံး မရွာတော့ မိုးမရွာတော့ဟု
အောင်းမေ့သည်။ ဟော့ ညမှာ ကိုယ်တွေ မေ့မေ့
ပျောက်ပျောက်ဖြစ်မှ မိုးက မထင်မှတ်ပဲ
ရွာချသည်။ ရွာလိုက်သည်မှ သည်းလို့ ဆိုသလို။
ရေငတ်နေသော မြေသားများကို မိုးရေဖြင့်
နူးအိသွားစေသည်။ သစ်ပင်တို့က မိုးရေကို
အငမ်းမရသောက်သုံး စုပ်ယူကြသည်။
သစ်ရွက်တို့က အားရပါးရ မိုးရေချိုးရသဖြင့်
စိမ်းတောက် လန်းဖြာနေကြပေသည်။
ပတ်ဝန်းကျင်ကို မြင်ရ ကြည့်ရသည်က
စိမ်းစို သာယာအေးမြသည်။ မိုးရေက ဖုန်းမှုံ့
သဲမှုံ့များကို ခဏ အိပ်စေသည်။ မိုးရေကြောင့်
ခြံအတွင်းရှိ သရက်ပင်ပေါက်လေးများ
အပျိုဖြန်းလေးများပမာ လန်းဆန်းကြွရွလာသည်။
သရက်ပင်ပေါက်လေးမျပင် မက။ မြေပြင်မှာ
ရှိသော ရှိရှိသမျှ သစ်ပင်အပေါင်းက စိုစွတ်၊
စိမ်းလန်း၊ လန်းဆန်းလျှက်ရှိကြသည်။
ကျွန်တော်တို့ ရောက်စက ခြံသည် မြက်ပင်၊
ခြုံနွယ်များဖြင့် ရှုပ်ယှက်ခတ်နေသည်။
ယခုလေးနှစ်တာ ကာလအတွင်း ခြံဝင်း အတွင်း၊
အပြင်မှာ သစ်ပင်မျိုးစုံဖြင့် ပြည့်နေသည်။
သီးပင်၊ ပန်းပင်များဖြင့် ပြည့်နေ၍ အဆောက်အဦ
ဆောက်ဖို့ပင် မြေနေရာ မနည်းချန်ထားရသည်။
အသီးအရွက် စားရသည့် အပင်များကို
အကိုတာယာပွကြီးနှင့် ကျွန်တော်က အဓိက
စိုက်သည်။ အမ က ပန်းပင်များစိုက်သည်။
သရက်ပင်ပေါက်များ၊ သံပရာပင်၊ ရှောက်ပင်၊
ဇီးဖြူသီးပင်များနှင့် သင်္ဘောပင်များကို ကျွန်တော်
တို့က ပြုစုသည်။ အမက တရုတ်စကား၊ စပယ်၊
သနပ်ခါး၊ ယုဇနနှင့် ခင်လေးဆတ်ဆတ်တုန်
ပန်းပင်များကို ပြုစုသည်။
ခြံအပြင်ဖက်မှာတော့ အရိပ်ရအောင် သရက်ပင်များအပြင်
ဗာဒံပင်များ၊ တမာပင်များနှင့် စိန်ပန်း
များစိုက်ထားသည်။ ဗာဒံပင်များက အရိပ်ရ
သော်လည်း အရွက်များကို ပိုးများစားသည်။
ထိုကြောင့် ဗာဒံပင်ထက် တမာပင်ကို ကျွန်တော်
ပိုကြိုက်သည်။ နွေရာသီ ညများဆိုပါမူ
တမာပင်မှ တမာပွင့်များ၏ ရနံ့က မွေးပျံ့နေသည်။
ထို တမာရနံ့ကို တမာပင်အောက် လမ်းလျှောက်ရင်း
ရှူးရသည့်က စိတ်ကြည်နူးစရာကောင်းလှသည်။
သရက်ပင်များကတော့ ယခုလို ကဆုန်လ
ရောက်ပါလျှင် အပင်ပေါ်မှ အဝါရောင်သန်းစ
ပြုနေသော သရက်သီးများကို မော့ကြည့်ရသည်
က ဖီလင်တမျိုးဖြစ်ရသည်။ သို့ပေသိ
ယခုနှစ်တော့ သရက်ပင်က နှစ်ပင်သာရှိတော့
သည်။ စိန်တလုံး သရက်ပင်ကြီးက အောက်ခြေ
ခြစား၍ သေသွားသည်။ အသီးလှိုင်လှိုင် သီးသော
ဘောလုံးသရက်ပင်ကြီးက အိမ်ဆောက်သဖြင့်
ထိုအိမ်နှင့် မလွတ်၍ အပင် တဝက်ကို ဖြတ်
လိုက်ရသည်။ အပင်က နှစ်ကိုင်ခွ၍ ပေါက်
နေသည်။ နှစ်ခွမှ ကျန်သော အပင်တခွကလည်း
ခြ စားသွားသလား၊ တပိုင်းကို ခုတ်လိုက်သဖြင့်။
ကျန်တပိုင်းကလည်း သူမရှိရင် ငါလည်းမနေ။
အဲ့သလို စိတ်ဖြစ်လေရော့သလားမသိပေ။
ကျန်သောအပိုင်းသည်လည်း တဖြည်းဖြည်ခြောက်၍
သေသွားလေသည်။
ဆိုတော့ ဒီနှစ်မှာ ကိုယ့်ခြံထွက် သရက်သီးကို
ဝဝမစားရပေ။ မနက်က ဈေးမှ သရက်သီး
တထောင်ဖိုး သုံးလုံးဝယ်ခဲ့သည်။ အမေက
သရက်သီးရာသီမှာ သရက်သီးဖြင့် ထမင်းစား
တတ်သည်။ သရက်သီးဖြင့် ထမင်းစားရတာ
မြိန်သည်ဟုပြောသည်။ အမေက ဆီးချိုရှိသည်။
ဆီးချိုသမားက စိန်တလုံးဖြင့် မတည့်ပေ။
မတည့်ဟုဆိုသော်လည်း အမေက အခြား
သရက်သီးများကြွေးပါမူ ဟဲ့ နင့်တို့ သရက်သီးက
မချိုပါလားဟု ပြောတတ်သည်။ အမေသည်ကား
စိန်တလုံး ခရေစီဟု ပြောရပေတော့မည်။
@htwegyi
May 1, 2025