တူမဖြစ်သူက ပြင်ဦးလွင်ရှိ ပန်းပွဲတော်သို့ သွားချင်
သည်ဟုပြောသည်။ ပန်းပွဲတော်ဆိုသည်က
ယခုမှ ကျင်းပသည်မဟုတ် ဟိုယခင်နှစ်များကလည်း
ပြုလုပ်လာခဲ့သည်။ ပန်းပွဲတော်ပြုလုပ်လာသည်မှာ
ဆယ်နှစ်ကျော်ခန့် ရှိမည်ထင်ပါသည်။ ယခင်
ပြုလုပ်သော ပန်းပွဲတော်များသို့ သွားရောက်
ခဲ့ဖူးပါသည်။ ကျွန်တော်လည်း သွားဖူးသည်။
တူမဖြစ်သူလည်း သွားသည်။


ထိုသို့သွားစဉ်က ပန်းပွဲတော်မှ ပန်းများက ယခုထက်
ပိုမိုလှပသည်။ ပန်းပွဲတော်ဝင်ကြေး ငွေသည်လည်း
ယခုလောက်မများပေ။ ထိုစဉ်က လူတစ်ဦးကို
တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်ထိပေးရသည်။
ယခု ငွေကျပ်ခြောက်ထောင်ဟု မြန်မာကိုကိုပြောသည်။
ယခုကုန်ဈေးနှုန်းနှင့် ယခင်ကုန်ဈေးနှုန်း မတူဟု
ပြောကြပေမည်။ သို့ပေသိ ကုန်ဈေးနှုန်းသာကြီးသွားသည်
ပုံမှန်ဝင်ငွေရသူ လခစာများအဖို့က ဝင်ငွေသည် ဒုံရင်းသာဖြစ်သည်။


ဒီတော့ တူမကို သူ့အမေက မသွားဖို့ ချော့ပြောသည်။
ကားငှားသွားပါက တစ်သိန်းကျော်ကုန်ပေမည်။
ဝင်ကြေး ဘာညာစသဖြင့် စားသောက်မှုများပါ
တွက်ပါမူ ကျပ်နှစ်သိန်းနီးပါးကုန်မည်။ လမ်းခရီးမှာ
စစ်ဆေးမေးမြန်းသည်နှင့် အန္တရာယ်များပေမည်။
ထိုသို့သွားမည့် ကုန်ကျငွေကို ကိုယ့်အိမ်မှာ
မုန့်တခုခုလုပါစားပါက ကောင်းပေမည်ဟု
ပြောသည်။ သို့နှင့် တူမသည် သူစားချင်သော
မုန့်များကို ပြုလုပ်ကာ စားလေသည်။


မနက်ပိုင်းမှာ ရှမ်းခေါက်ဆွဲ လုပ်စားသည်။
နေ့လယ်ပိုင်းမှာ ကော်ပြန့်ကြော်နှင့် ဖက်ထုပ်များ
လုပ်စားသည်။ ကော်ပြန့်ရွက်နှင့် ဖက်ထုပ်ရွက်များကို
မနေ့က မြို့ထဲ သို့ အမေ့ပင်စင်သွားထုတ်ရင်း
ဝယ်ခဲ့သည်။ အမေက သာဓုခေါ်စားရင်း



"စားလို့ ကောင်းသဟေ့ ပြင်ဦးလွင်သွားရင် စိတ်ပူ
နေရအုံးမှာ။ ခုလို ကိုယ့်အိမ်မှာ စားသောက်တော့
ဗိုက်ဝတယ်။ အန္တရာယ်ကင်းတယ်။ ပြင်ဦးလွင်များ
ကဒီး ကဒီး ရောက်ဖူးသားနဲ့။ ပန်းကြည့်ချင်တာများ
ကိုယ့်အိမ်မှာ ရှိတဲ့ ပန်းတွေ ကြည့်စမ်းပါ။
တကတည်း တကူးတက သွားကြည့်နေသေး"
အမေက ငှက်ပျောကော်ပြန့် စားရင်း
နှုတ်မှ အထက်ပါအတိုင်းပြောသည်။ ပြောရင်း
စားရင်း သာဓုခေါ်ရင်း တမြုပ်တမြုပ်ဝါးနေလေတော့သည်။
@htwegyi
December 25, 2025