ဗာဒံပင်လေးရဲ့ အောက်မှာ ထိုင်ထုစား။

in HIVE-MYANMAR3 days ago

သစ်ပင်သစ်တော ဘာညာ ဘာညာ။
စသဖြင့် သစ်တောရှိသည့် အရပ်ဒေသများသို့
ခရီးသွားသည့်အခါ ရေးသားထားသည်ကို
တွေ့ရ ဖတ်ခဲ့ရသည်။ သို့ပေသိ ထိုသို့ရေးသည်က
တစ်ဖွဲ့၊ စိုက်သည်က တစ်ဖွဲ့၊ ခုတ်သည်က တဖွဲ့
ဆိုပြီး သတ်သတ်ရှိသည်။ သစ်ပင် သစ်တော
ဆိုသည်က လူနှင့် တိရစ္ဆာန်များအတွက်
မရှိမဖြစ်ပေ။

သစ်ပင် တပင်၏တန်ဘိုးကို နွေရာသီမှာ
ပိုမိုသိရသည်။ မှန်ပါသည် နေပူရှိန်ပြင်းထန်းသည့်အခါ
အရိပ်ကောင်းသော သစ်ပင်အောက်သို့
ဝင်ရောက်ပါမူ အင်မတန်အေးမြလှပေသည်။
အများအားဖြင့် နွေနေပူကြောင့် အရိပ်ခိုရန်
အရိပ်ကောင်းသော သစ်ပင်ကို သတိရကြသည်။
ယခုလို မိုးရာသီအခါမှာဖြင့် မြစ်ကမ်း၊ ချောင်း
ကမ်းနေသူများအတွက်လည်း သစ်ပင်သည်
ပို၍ တန်ဘိုးကြီးမားလှသည်။

မြစ်၊ ချောင်းကမ်းပါးများတွင် သစ်ပင်များ
ပေါက်နေပါက ရေတိုက်စားခြင်းမှ ကာကွယ်
နိုင်ပေသည်။ သစ်ပင်သည်က လူသားတို့အတွက်
အင်မတန်မှ လိုအပ်သောအရာဖြစ်သည်။
စား၊ ဝတ်၊ နေရေးအားလုံးကို သစ်ပင်မှ
ရရှိသည်။ သဘာဝဘေးအန္တရာယ်အတွက်လည်း
သစ်ပင်က ကာကွယ်ပေးပြန်သည်။ သစ်ပင်
က ဘယ်လောက်များ ချစ်စရာကောင်းလိုက်
ပါသလဲ။

ကျွန်တော့်တို့ ခြံရှေ့မှာ ယခင်က သစ်ပင်မရှိပေ။
ထိုကြောင့် နွေရာသီနေပူသည့်အခါ အိမ်ဝင်း
အနောက်ဖက်၌ မနေနိုင်ပေ။ အရိပ်ရသော
အိမ်ဝင်းအရှေ့ဖက်နှင့် အိမ်အောက်သို့သာ
နေရာယူရသည်။ ယခုတော့ ခြံ‌ဝင်း ရှေ့မှာ
သစ်ပင်များ စိုက်ပျိုးထားသည်။ ထိုစိုက်ပျိုး
ထားသော အပင်များအနက် ဗာဒံပင်များလည်း
ပါပေသည်။ ထိုဗာဒံပင်မှ ဗာဒံသီးများ သီးနေသည်။

ရှဉ့်တို့က ဗာဒံသီးများ၏ အပြင်သားကိုစားပြီး
ကိုက်ပြီး အောက်သို့ပစ်ချသည်။ အောက်ကျ
လာသော ဗာဒံသီးများကို ထုစားရန်ကျွန်တော်
အမနှင့် အကိုက စုထားသည်။ ဗာဒံသီး၏
အပြင်သားကို ငယ်စဉ်က စားခဲ့သည်။
အပင်မှခူး၍ လတ်လတ်ဆတ်ဆတ်ဆိုပါမူ
အချို့ဗာဒံသီးအပြင်သားများက စား၍ ကောင်းပေသည်။
ဗာဒံသီး၏ အတွင်းရှိ အစေ့ကို အုတ်ခဲ၊
တူတို့ဖြင့် ထုစားပါကလည်း စားကောင်းသည်။

ဗာဒံစေ့ကို ထု၍ အချို့က ရောင်းချကြသည်။
ဗာဒံစေ့ကို ပလပ်စတစ်အိတ်ကလေးများတွင်
ထည့်၍လည်းရောင်းသည်။ နို့ဆီဗူးဖြင့်လည်း
ထည့်ရောင်းသည်။ တစ်ဗူးဘယ်လောက်လည်း
တော့မသိပေ။ ဈေးကတော့ ကြီးပေမည်။
ဗာဒံစေ့က အခွံမာအသီးအဖြစ်လည်းဆိုရမည်။
အခွံမာသီးများက ဆီးချိုသမားများအတွက်
ဆေးဖက်ဝင်သည်ဟု သိရသည်။ ဗာဒံစေ့ကို
အမေကို ကျွေးတော့ ပေါက်ကရတွေ မစားချင်
ဟုပြောသည်။ အမေနဲ့ တည့်တယ် စားပါဟု
ပြောရသည်။ အမေက စားပြီးသည့်အခါ
စားကောင်းသားဟဲ့ ဟု ပြောသည်။

@htwegyi
June 14, 2025

Sort:  

အဲ့ အပင်အကြောင်း သီချင်း ရှိသလားလို့ပါ။

ခင်မောင်ထူး ရဲ့ မောင့်ဆေးကျောင်းသူ😀