အောက်တိုဘာ သုံးဆယ့်တစ်ရက် လကုန်ပြီဖြစ်သည်။
လကုန်ရက်သည် ကိုယ်နှင့် စိမ်းကားခဲ့သည်မှာ
လေးနှစ်ကျော်ခဲ့ပေသည်။ ပြန်တွေးမိရင် လွမ်းတာသာ
အဖတ်တင်မည်။ ကုန်ပါစေ လတွေ။ အခုတော့
တစိမ်းတွေလိုပါပဲ ဆိုသလို။ လွမ်းစရာရှိရင်
အစားအသောက်ကို ပိုစားတတ်ကြသည်တဲ့။
အဲ့ အစီစဉ်လေးကတော့ ကောင်းသပ။ သို့ပေသိ
လွမ်းတိုင်းသာ စားရရင်၊ စားဖို့အတွက် ငွေကြေး
အဆင်ပြေပါရင် လွမ်းလိုက်ချင်သပ။


ယခုတော့ အလွမ်းတွေကို စမ်းရေမှာ မျှောရပေအုံး
တော့မည်။ သို့ပေသိ နည်းနည်းတော့ လွမ်းမိသား။
ဒီတော့ နည်းနည်း လွမ်းသမှုအတွက် နည်းနည်း
စားလိုက်အုံးစို့။ ယနေ့ အလွမ်းအတွက် မနေ့က
ကြိုပြီးလွမ်းထားနှင့်သည်။ မနေ့က အလွမ်းအတွက်
ခရမ်းချဉ်သီးချက် ချက်စားသည်။ ခရမ်းချဉ်သီးများ
ဈေးပေါ၍ အစိတ်သားဝယ်ကာ ထိုအစိတ်သားလုံးကို
ချက်စားသည်။


ခရမ်းချဉ် အစိတ်သားကို လှီးပြီး၊ ပုစွန်ခြောက်
ပေါက်စလေးတွေထည့်။ ငပိလေးအနည်းငယ်၊
ဆား၊ အချိုမှုန့်နှင့် ငရုပ်သီးစိမ်းလေးများ စသဖြင့်
ထည့်ကာ ချက်သည်။ ပဲစိမ်းနှင့် ဂေါ်ရခါးသီးတလုံးကို
ပဲဟင်းရည်ချက်သည်။ မနေ့က ငါးလူးကြော်လေး
ပြန်နွေးသည်။ ရုံးပတီးသီးနှင့် ခါချက်ဥကို
အတို့အမြုပ်ပြုလုပ်သည်။ အချဉ်အတွက်
နှမ်းဖတ်ချဉ်လေးကို ရှောက်ရွက်၊ ငရုပ်သီးစိမ်း၊
ကြက်သွန်နီ/ဖြူလေးများနှင့် ဆီနိုင်နိုင်လေး
ထည့်ကာ သမအောင်နယ်ထားသည်။
ချက်ပြုတ်၍ ရေချိုးပြီး နေ့လယ်စာကို
ဗိုက်ဆာသည်နှင့် ခေါင်းမဖော်တမ်း စားလိုက်
ကြသည်။


တခါတလေမှာ အလွမ်းလေးတွေက စားကောင်း
သား။ တာယာပွကြီးကလည်း ကိုယ်တွေလက်ရာကို
အားပေးသည်။ ဝက်သားချက်ထက် ပိုစားကောင်း
ဟုပြောသည်။ မှန်ပါသည် ခရမ်းချဉ်သီးချက်
သည်လည်း တခါတရံစားသည့်အခါ ဗိုက်ဆာ
သည့်အခါများမှာ အင်မတန်စားကောင်းနေပြန်
ပါသည်။ အလွမ်းများကို စားသုံးခြင်းဟု
ခေါင်းစဉ်တပ်ရမလိုပါလေ။ ဟိုက်ဈေးက
ကျသမို့ ကိုယ်တွေလည်း ဒင်းကျချင်သလောက်
ကျစမ်း။ ငါလည်း ရေးချင်သလောက် ရေးမည်ဟု
စိတ်ကူးကာ ခေါင်းထဲ ပေါ်လာသည်များ။
ချက်ပြုတ်စားသည်များကို ပိုစ့်တင်ရေးသား
နေရပါလေတော့သည်။
@htwegyi
October 31, 2025