The Vlog I Like :: F&B Channel

in HIVE-MYANMAR3 days ago

Vlogs တွေထဲမှာ ခရီးသွား၊ အစားအသောက် နှင့် ပတ်သက်သည့် vlogs တွေ အကြည့်များ၏။ ကြိုက်လည်းကြိုက်၏။ VPN လိုအပ်ချက်တွေကြောင့် vlogs တွေကို Facebook မှာထက် YouTube မှာ ပိုပြီး ကြည့်ဖြစ်၏။ YouTube မှာက ရုပ်သံ အရည်အသွေးလည်း ပိုကောင်း၏။ တနေ့တာ၏ အချိန် အချို့ကို YouTube ကြည့်ဖို့ သုံးလေ့ ရှိ၏။

ခုတလော သဘောကျနေသည့် အစားအသောက် vlogs တင်ဆက်သူကတော့ ကိုသူရဝင်းဇော်၏ F&B Channel ဖြစ်လေ၏။ တရက်သား ညဘက်ကြီး YouTube ကြည့်နေရင်း သူတို့၏ video ကို တွေ့ခြင်း ဖြစ်၏။ သူငယ်ချင်း နှစ်ယောက် အပြန်အလှန် ပြောဆိုကြရင်း စားကြ သောက်ကြ သွားကြတာတွေကို တင်ဆက်ထားခြင်း ဖြစ်၏။ ပေါ့ပေါ့ပါးပါး ရိုးရိုးရှင်းရှင်းလေး ရိုက်ကူး တင်ဆက်ပြသထားခြင်း ဖြစ်၏။

ပေါ့ပေါ့ပါးပါး ဆိုပေမယ့် သပ်သပ်ရပ်ရပ် တိတိကျကျ ရှိ၏။ F&B Channel ဆိုရင် သူတို့ပဲဟု တန်းသိ တန်းမှတ်မိအောင် အဝတ်အစားကအစ တသတ်မတ်ထဲ ဝတ်ကြ၏။ ကိုယ်ခန္ဓာ အပြင်အဆင်က စလို့ပေါ့။ သူတို့ video တွေကို ကြည့်ရတာ ကိုယ်တွေက သက်သက်ကြီး တင်ဆက်ပြနေတာမျိုး မခံစားရဘဲ သူတို့နဲ့ တသားထဲ လိုက်ပါ စီးမျောသွားခြင်း ဖြစ်၏။ ဒါတောင် သူတို့နဲ့ ကျနော့် နေရာက မတူပေ။ မတူညီတဲ့ နေရာ ဒေသမှာပင် တသားထဲ ဖြစ်သွားအောင် ခံစားရ၏။

သူတို့၏ video အများစုက သူငယ်ချင်းနဲ့ နှစ်ယောက်သား ဘာကောင်းလဲ ဘာသွားစားမလဲ အစရှိသဖြင့် ပြောဆို တိုင်ပင်ရင်း သွားစားကြသည့် ပုံစံမျိုး တင်ဆက်လေ့ရှိ၏။ စားပြနေရုံ သက်သက်မဟုတ်ဘဲ။ လူတွေအကြောင်း အစားအသောက်အကြောင်း ပတ်ဝန်းကျင် အကြောင်းတွေကိုပါ သူတို့ video ထဲမှာ ပါဝင်နေလေ့ ရှိ၏။ သဘောအကျဆုံးက အစားအသောက်တွေနဲ့ ပတ်သက်လို့ အရိုးသားဆုံး ပြောဆို တင်ဆက်ပြသခြင်းပင် ဖြစ်၏။

ထိုနေ့ညက သူတို့ video တပုဒ် ကြည့်မိလိုက်ပြီး နောက်ထပ် video များပါ ထပ်မံ ကြည့်ဖြစ်သွားအောင် ဆွဲဆောင်လို့ သွားခဲ့၏။ နောက်ရက်တွေမှာလည်း သူတို့ video အသစ်များ တင်ပြီလားဟု ရှာကြည့်နေမိ၏။ သူတို့ video ကြောင့် မောရတဲ့ ဘဝထဲ ခဏတာ စိတ်အပန်းပြေခွင့်ရသည့်အတွက်လည်း ကျေးဇူးတင်ရပါ၏။

Sort:  

အစားအသောက် ဘလော့တွေ မကြည့်မိအောင်
နေရတာ။ နို့မို့ သွားရည်ကျသမို့ 😅

အဲ့တာလည်း ဟုတ်သား
ဗိုက်ဆာနေချိန်ဆို သာလို့ ဆိုးသေး